ပုံစံမျိုးစုံနဲ့ ခရီးတစ်ဆုံး
တပေါက်ပေါက်ကျနေသော ရေစက်ရေပေါက်များကို ငေးကြည့်ရင်း အတွေးပေါင်းစုံ လွင့်မျောနေသော နွယ် “နွယ်ရေ သမီး ရေချိုးနေတာကြာပြီနော်။ရုံးချိန် နီးပြီ” “ဟုတ် မေမေ” မေမေ့ အသံကြားမှ သတိဝင်လာပြီးရေချိုး အလှပြင်ကာ ရုံးချိန်အမှီ ထွက်လာခဲ့ပါသည်။ ရုံးရောက်ပြီ ဆိုသည်နှင့် ပူဆွေးမှုများကို ဖုံးကွယ်ရင်း ဟန်လုပ်ပြုံးနေရသည်။ တနေ့တာကုန်လွန်ခဲ့သော်လည်း မောင့်အပေါ်ထားရှိမိသော ချစ်ခြင်းတရားနှင့် အလွမ်းတွေကို မေ့ပျောက်နိုင်စွမ်း မရှိခဲ့ပါ။
တပါးသူနှင့် ပျော်မြူးနေသော မောင့်ပုံရိပ်များသာ နွယ့်အမြင်အာရုံအတွင်း စွဲထင်နေခဲ့ပါသည်။ ချစ်ခြင်းနှင့် မုန်းခြင်းလွန်ဆွဲပွဲတွင် အနိုင်ရခဲ့သောမုန်းခြင်းကြောင့် ခွဲခွါခဲ့သော်လည်း ပူလောင်စွာ ခံစားနေမြဲဖြစ်သည်။ “မတစ်ယောက်ပဲချစ်တာပါ ။ဆက်ကိစ္စနဲ့ အချစ်နဲ့ တခြားစီပါမရယ်။သာယာမှုကို ရှာတိုင်း အချစ်မဟုတ်ပါဘူး။မကို မခွဲပါရစေနဲ့”ဆိုသောမောင့် စကားသံများ အကြားအာရုံတွင်းဝင်ရောက်လာသည်နှင့် ခေါင်းကို ခါယမ်းမိသည်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်သော နေ့စွဲများစွာကို အားတင်းကျော်ဖြတ်ရဦးတော့မည်။
အမေတခုသမီးတခု ဖြစ်ပြီး မြိုသိပ်ခြင်းမှာ နေသားကျနေသော သူမအတွက် ရင်ဖွင့်ဖော်က ရှားပါးလှသည်။ မောင်နှင့် မိမိ၏အကြောင်းကို မသိသော ပတ်ဝန်းကျင်တခု၌ စိတ်ထွက်ပေါက်ရှာရန်အတွက် အကောင့်တုတခု ဖွင့်သုံးဖြစ်ခဲ့ပါသည်။ စိတ်ပြေလက်ပျောက် သုံးရာမှ အထီးကျန်ဆန်သောနွယ်တစ်ယောက် အားလပ်ချိန်တိုင်းသုံးရင်းဖြင့် အကောင့်တုတွင် နေသားကျလာခဲ့သည်။ သူငယ်ချင်းမျိုးစုံ လက်ခံခြင်း၏ အကျိုးဆက်အဖြစ် နယ်ပယ်ပေါင်းစုံမှ လူတန်းစားမျိုးစုံနှင့် တွေ့ကြုံခဲ့ရသည်။