နွယ့်ကို သနားပါဦး ကိုကိုရယ်
နွယ်နွယ် အိမ်ပြန်ရောက်တော့ အိမ်ရှေ့ ဧည့်ခန်းထဲတွင် ဧည့်သည်များ စည်စည်ကားကား ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ဖိနပ်ချွတ်တွင် ဖိနပ်လေး ချွတ်ကာ အိမ်ပေါ်သို့ လှမ်းတက်လိုက်ရင်း နွယ်နီက အိမ်ရှေ့ ဧည့်ခန်းထဲရှိ ဆက်တီ ရှိရာသို့ လှမ်းပြီး ကြည့်လိုက်မိသည်။ “လာ ညီမလေး….ဒီမှာ မိတ်ဆက်ပေးရဦးမယ်” အမဖြစ်သူ သွယ်သွယ်က သူမကို လှမ်းပြီး ပြောလိုက်စဉ်မှာပင် ဆက်တီမှာ ထိုင်နေကြသူ အားလုံးရဲ့ အကြည့်တွေက သူမဆီသို့ ရောက်လာခဲ့ပြီ။ ထိုသူအားလုံးရဲ့ အကြည့်များသည် သူမထံတွင် စုစည်းကာ ရှိနေစဉ်မှာပင် နွယ်နွယ်က သူမရဲ့ ခြေထောက်ကလေးများကို ညင်သာစွာဖြင့် တလှမ်းချင်း လျှောက်လှမ်းကာ ဆက်တီရှိရာကို တိုးကပ်သွားခဲ့တော့သည်။ “ထိုင်…ညီမလေး နွယ်နွယ်က အမဖြစ်သူရဲ့ အနီးက ကုလားထိုင်တွင် ဝင်ပြီး ထိုင်လိုက်သည်။ “ဟော..ဒါက မမရဲ့ သူငယ်ချင်း ရီရီခိုင်…. ဒါက သူ့အမျိုးသား ကိုနောင်ထွန်း…. ဒါကတော့ ကျမရဲ့ ညီမ နွယ်နွယ်ပါ….” “သွယ်သွယ်ရဲ့ ညီမလေးက အတော့်ကို ချောတာဘဲ” ရီရီခိုင်ရဲ့ မှတ်ချက်ချသံလေး မဆုံးခင်မှာပင် နွယ်နွယ်က သူမရဲ့ မျက်နှာလေးကို ပြုံးကာ ရီရီခိုင်ကို ကြည့်လိုက်သည်။ “မမ က ပိုပြီး လှပါတယ်နော်….. ဟင်း..ဟင်း” နွယ်နွယ်ရဲ့ စကား အဆုံးမှာတော့ အားလုံးက တိုးညှင်းစွာဖြင့် ရယ်သွမ်းသွေးလိုက်ကြသည်။ “နွယ်နွယ်က ဒီနှစ် ဒုတိယနှစ်လေ” ကိုနောင်ထွန်းရဲ့ ဘေးကပ်ရက် ကုလားထိုင်မှာ ထိုင်နေသော နွယ်နွယ်ရဲ့ ခဲအို သွယ်သွယ်ရဲ့ခင်ပွန်း ကိုရဲမင်းက ဝင်ပြီး ပြောလိုက်သည်။ ဧည့်သည်များ ရှေ့တွင်မို့ နွယ်နွယ်က အသာလေးပင် သူမရဲ့ မျက်နှာကို ပြုံးထားလိုက်ပါသည်။ စိတ်ထဲကတော့ သိပ်ပြီး မကျေနပ်ပါ။ ဘာကြောင့်ရယ်တော့ မပြောတတ်။ “ဒီလို ညီမလေးရ… အမနဲ့ ရီရီခိုင်ခိုနဲ့က ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သလို ကိုနောင်ထွန်းနဲ့ ကိုရဲမင်းကလည်း သူငယ်ချင်းတွေဘဲ…. အဲဒါ ရီရီခိုင်တို့က အခု ဒီကို ဗြုန်းစားကြီး ပြန်ပြောင်းလာရတော့…. သူတို့ တိုက်ခန်းကလည်း ကိုနောင်ထွန်းရဲ့ ဦးလေး မိသားစုကို တစ်နှစ်စာချုပ်နဲ့ ငှားထားရတာ ဆိုတော့ စာချုပ် ပြည့်ဖို့က ငါးလလောက် လိုသေးတယ်…. တစိမ်းတွေ ဆိုရင်လည်း ငွေအမ်းလိုက်ရင် ရပေမယ့် အခုဟာက အမျိုးရင်းတွေဆိုတော့ ရီရီခိုင်တို့က ဒီမှာ ခဏလာနေပြီး တိုက်ခန်း အားသွားမှ တိုက်ခန်းကို ပြောင်းဖို့ စီစဉ်မှာလေ”။ “ဟာ..ဒါဆို ကောင်းတာပေါ့…. အိမ်မှာက အိမ်အကျယ်ကြီးနဲ့ လူက နည်းနည်းလေး ဖြစ်နေရတာ….. အမတို့ ပြောင်းလာရင် ဒီမှာ ပိုပြီး သိုက်သိုက်ဝန်းဝန်း ဖြစ်သွားတာပေါ့… အမတို့က ဘယ်တော့ ပြောင်းလာမှာလဲ” “ဟင်းဟင်း..အခုဘဲ ပြောင်းလာတာလေ….. ဟောတော့… ဟင်းဟင်း…ဟင်းဟင်း” “အဲဒါ ရီရီခိုင်တို့ကို ညီမလေးရဲ့ အခန်းဘေးက အခန်းလွတ်မှာ ထားလိုက်တယ်လေ” “ဟာ…ကောင်းတာပေါ့…. အဲဒီအခန်းက ကျယ်တယ်” “ညီမက အသက် ဘယ်လောက် ရှိပြီလဲ” ရီရီခိုင်ရဲ့ ခင်ပွန်း ကိုနောင်ထွန်းက မဆီမဆိုင်သော အကြောင်းအရာကို မေးလိုက်သည်။